ceo

Hayman Capital Co.,Ltd ရဲ့  MD လည်းဖြစ် CEO လည်းဖြစ်တဲ့ Mr. SULTAN MARENOV

AUTHOR: EI THANDAR TUN & ZIN THU TUN | 05 JUN 2018 | VOL 6 ISSUE 23

Hayman Capital Co.,Ltd ရဲ့  MD လည်းဖြစ် CEO လည်းဖြစ်တဲ့ Mr. SULTAN MARENOV ကို Myanmar Business Today Journal ကမေလ တတိယပတ်အတွင်း တွေ့ ဆုံပြီး Hayman Capital အနေနဲ့ မြန်မာနိုင်ငံမှာဆောင်ရွက်မယ့် အနာဂတ်ချေးငွေအစီအစဉ်တွေအကြောင်းနဲ့  အစိုးရရဲ့ ချေးငွေလုပ်ငန်းပိုင်းမှာ ပြောင်းလဲချမှတ်လာတဲ့အစီအမံတွေအကြောင်း သုံးသပ်ဖြေကြားပေးနိုင်ဖို့ မေးမြန်းထားပါတယ်။

မေး။ ။ Hayman Capital အနေနဲ့ မြန်မာနိုင်ငံမှာလုပ်ငန်းလည်ပတ်ဖို့ ရွေးချယ်ဖြစ်တဲ့အကြောင်းအရင်းလေးသိချင်ပါတယ်။

ဖြေ။ ။ အဓိကမြန်မာနိုင်ငံကိုရွေးချယ်ဖြစ်တဲ့ အကြောင်းအရင်းကတော့ ဒီနောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်တာများလာတယ်။ ကျွန်တော်တို့လို ၀န်ဆောင်မှုလုပ်ငန်းတွေဆိုလို့ရှိရင် သူတို့က ရာနှုန်းပြည့်ခွင့်ပြုထားတာမျိုးတွေရှိတယ်။ ဒါက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အရမ်းကြိုဆိုတယ်လို့ခံစားရတယ်။ နောက်တချက်ကျတော့ ဒီလိုဝန်ဆောင်မှုလုပ်ငန်းလုပ်မယ်ဆိုရင် လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်နဲ့ လုပ်ကိုင်နေမယ့် အခွင့်အလမ်းတွေအများကြီးရှိတယ်လေ။ လူတွေကလဲ သူတို့စီးပွားရေးလုပ်ဖို့အတွက် ငွေကြေးတွေလိုအပ်တာမျိုးတွေရှိတယ်။ အဲဒီအချိန်မှာ သူတို့လိုအပ်ချက်တွေကို ၀န်ဆောင်မှုအနေနဲ့ ဖြည့်ဆည်းပေးတဲ့အခါ ကိုယ့်အတွက်လည်းအဆင်ပြေတယ်။ သူတို့အတွက်လဲ အဆင်ပြေတယ်။ အဲအချက်တွေကြောင့် တခြားနိုင်ငံတွေနဲ့ယှဉ်တဲ့အခါ မြန်မာနိုင်ငံက အလုပ်အကိုင်၊ အခွင့်အလမ်းတွေ အစစအရာရာ အကုန်အဆင်ပြေတဲ့အတွက် ရွေးချယ်ဖြစ်တာပါ။ နောက်တစ်ချက်ကတော့ တချို့တွေက မြန်မာနိုင်ငံကိုလာပြီ ရင်းနှီးမြုပ်နှံချင်ကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ဈေးကွက်နဲ့ပတ်သက်ပြီး နားလည်တာတွေမရှိဘူး။ ဒီ Hayman Capital အနေနဲ့ကျတော့ နိုင်ငံတကာနဲ့လည်း ချိတ်ဆက်ထားတယ်။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်တတ်သလဲ။ လိုအပ်ချက်တွေ ဈေးကွက်အခြေအနေတွေအကုန်လုံးကို သေသေချာချာလေ့လာပြီးတော့မှ ကောင်းကောင်းမွန်မွန်လုပ်ခဲ့တဲ့အတွက် တစ်ခြားသော Investors တွေနဲ့ယှဉ်လိုက်ရင် ဒီမှာ အတွေ့အကြုံကသာပါတယ်။ ဆိုတော့ နောက်ငါးနှစ်လောက်အကြာမှာလဲ မြန်မာနိုင်ငံက ဒီထက်ကိုအများကြီး တိုးတက်နိုင်မယ့် လုပ်ငန်းတွေပိုမိုလုပ်ကိုင်လာနိုင်မယ်။ စီးပွားရေးလည်း တိုးတက်လာနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ကြိုမြင်မိပါတယ်။

မေး။ ။ အကယ်၍ ချေးငွေ လျှောက်ထားမယ်ဆိုရင် ဘာတွေလိုအပ်လဲ။

ဖြေ။ ။ လျှောက်ထားမယ်ဆိုရင် Group Loan နဲ့ Individual Loanရှိတယ်။ အခြေခံလိုအပ်ချက်ကတော့ နှစ်ခုစလုံးအတွက် လုပ်ငန်းလိုင်စင်ရှိရမယ်။ ဒါမှမဟုတ် လုပ်ငန်းလည်ပတ်နေကြောင်း ခိုင်မာတဲ့ အထောက်အထားလိုအပ်တယ်။ Group Loan မှာဆိုရင် အိမ်ပိုင်ဆိုင်ကြောင်း ပြရမယ်။ နောက်ကိုယ်ရဲ့ ကိုယ်ပိုင်ဝင်ငွေကို အာမခံပေးတဲ့ နောက်ထပ် ကိုယ်ပိုင်ဝင်ငွေရှိတဲ့ အာမခံပေးတဲ့လူ တယောက် လိုအပ်တယ်။ နောက်ကိုယ်လျှောက်ထားတဲ့မြို့နယ်မှာ တစ်နှစ်ဆက်တိုက်နေထိုင်တဲ့အထောက်အထားပြနိုင်ရမယ်။

မေး။ ။ ချေးငွေရယူထားတဲ့သူတွေအနေနဲ့ အချိန်ကာလ ဘယ်လောက်အတွင်း ပြန်ဆပ်ရလဲ။

ဖြေ။ ။ ချေးငွေဝန်ဆောင်မှုတွင် တစ်ဦးချင်းနှင့် အုပ်စုဖွဲ့ ဆိုပြီး ချေးငွေ ပုံစံ နှစ်မျိုးရှိပါတယ်။ အနည်းဆုံး ၆ မှ ၁၈ လအတွင်း ချေးငွေကို လစဉ် အတိုးရောအရင်းပါ ပြန်လည်ပေးသွင်းရမှာ ဖြစ်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ စီးပွားပိုမိုတိုးတက်နိုင်ဖို့အတွက် ချေးငွေကို ငွေကျပ် တစ်သိန်းမှ သိန်းငါးဆယ်အထိ ထုတ်ချေးပေးလျက်ရှိပါတယ်။

မေး။ ။ ချေးငွေလျှောက်ထားတဲ့အခါ ဘယ်လိုလူမျိုးတွေကို အဓိကထားပြီး ထုတ်ချေးလဲ။ လက်ရှိချေးငွေအပေါ်မှာ ကောက်ခံနေတဲ့အတိုးနှုန်းက ဘယ်လောက်သတ်မှတ်ထားလဲ ။

ဖြေ။ ။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေကို အဓိကထားပြီး ငွေထုတ်ချေးပါတယ်။ ချေးငွေရယူထားတဲ့ သူတွေရဲ့ ၈၀ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။လက်ရှိကောက်ခံနေတဲ့နှုန်းကတော့ ၂ဒသမ၅ရာခိုင်နှုန်းပါ ။

မေး။ ။ Hayman Capital ရုံးခွဲတွေကို ဘယ်မြို့နယ်တွေမှာ ဖွင့်လှစ်ထားပါသလဲ။

ဖြေ။ ။ အင်းစိန်၊ သင်္ဃန်းကျွန်း၊ လှည်းကူး၊ ပဲခူး၊ ညောင်လေးပင်နှင့်ပြည်မြို့တို့မှာ ဖွင့်လှစ်ထားပါတယ်။

မေး။ ။ Hayman Capital အနေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို ချေးငွေ ထုတ်ချေးပေးမယ်ဆိုတော့ ဘယ်နေရာမျိုးတွေကို တိုးချဲ့လုပ်ဆောင်ဖို့ရှိလဲ။

ဖြေ။ ။ ပုသိမ်မှာ တိုးချဲ့ဖို့ရှိတယ်။ ပုသိမ်ဆိုပေမယ့် ပုသိမ်မြို့ပေါ်မှာ မဟုတ်ပါဘူး။ ပုသိမ်မှာ ရုံးခွဲကို နောက်လဆန်းလောက်မှာ ဖွင့်ဖို့ရှိပါတယ်။ ဟင်္သာတနဲ့ ကျုံပျော်မှာ ရုံးခွဲသစ်ဖွင့်ဖို့ ပြင်ဆင်နေပါတယ်။ နောက်ပြီး မန္တလေးမှာ ဖွင့်ဖို့ရှိပါတယ်။ ဒီနှစ်ထဲမှာ ဧရာဝတီနဲ့ မန္တလေး တိုင်းဒေသကြီးနှစ်ခုမှာ ရုံးခွဲတွေ ဖွင့်လှစ်သွားမှာပါ။

မေး။ ။ တခြား ဘယ်နေရာတွေမှာ ရုံးခွဲတွေဖွင့်လှစ်ဖို့ စီစဉ်ထားတာရှိလဲ။

ဖြေ။ ။ လာမယ့်နှစ်မှာတော့ မကွေး၊ စစ်ကိုင်း၊ ရှမ်းနဲ့ ကရင်ပြည်နယ်တို့မှာ ရုံးခွဲတွေ ထပ်မံဖွင့်လှစ်သွားဖို့ စီစဉ်နေပါတယ်။

မေး။ ။ ချေးငွေလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ လူကိုယ်တိုင် စာရွက်စာတန်းနဲ့ လာရောက်လျှောက်ထားတဲ့ စနစ်ကိုဘဲ အသုံးပြုသွားမှာလား။ အွန်လိုင်းစနစ်ကို ဘယ်တော့ စတင်ကျင့်သုံးသွားမလဲ။

ဖြေ။ ။ လူကိုယ်တိုင် ချေးငွေလာရောက်လျှောက်ထားတဲ့ စနစ်နဲ့လည်း သွားနေဦးမှာပါ။ တစ်ခါတည်း အွန်လိုင်း စနစ်ကို ပြောင်းလိုက်မှာမဟုတ်ဘူး။ နှစ်မျိုး သုံးလို့ရအောင် လုပ်မယ်။ အွန်လိုင်းစနစ်နဲ့ သွားမယ်ဆိုရင်တော့ ပုံစုံ ၃ခုနဲ့ သွားမယ်။ ပထမဆုံးစနစ်မှာ ဘယ်လိုချေးငွေလျှောက်ထားနိုင်မယ်ဆိုတာ၊ ကိုချေးယူထားတဲ့ ငွေပမာကို ပြန်ဆပ်ဖို့ ဘယ်လောက်ကျန်သေးလည်းဆိုတာကို စစ်ဆေးနိုင်တဲ့ စနစ်ကို အရင်ဆုံး စတင်သုံးမယ်။ ဒုတိယအနေနဲ့ ယူထားတဲ့ ပိုက်ဆံကို ပြန်ဆပ်လို့ရတဲ့ စနစ်။ ငွေဖြည့်ကဒ်တွေကနေတစ်ဆင့် ငွေဖြည့်ပြီး ပိုက်ဆံပေးသွင်းလို့ရတဲ့ စနစ်ပါ။ တတိယအနေနဲ့ကတော့ ကျွန်တော်တို့ ကုမ္ပဏီက ထုတ်ချေးလိုက်တဲ့ ငွေကို ရုံးမှာလာထုတ်စရာမလိုဘဲ အွန်လိုင်းကနေတစ်ဆင့် နီးစပ်ရာနေရာမှာ ထုတ်လို့ရမယ်။ ဒီစနစ်သုံးခုနဲ့သွားမှာပါ။ ဒါပေမဲ့ ဒီအွန်လိုင်းစနစ်ရှိလာလို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်တဲ့ စနစ်ကိုလည်း ကျင့်သုံးသွားမှာပါ။ လူကိုယ်တိုင် လာရောက်ဆွေးနွေးနိုင်အောင် ရုံးခွဲတွေလည်း ဖွင့်ဦးမှာဖြစ်တဲ့အတွက် စနစ်နှစ်ခုလုံးကို ကျင့်သုံးသွားမှာပါ။

မေး။ ။ အွန်လိုင်းစနစ်နဲ့ ချေးငွေလျှောက်ထားခြင်း၊ ငွေသွင်းခြင်း၊ ငွေထုတ်ယူခြင်း လုပ်ငန်းတွေကို ဘယ်တော့စတင်အသုံးပြုမလဲ။

ဖြေ။ ။ ပထမစနစ်ကိုတော့ ဇူလိုင်လမှာ စတင်အသုံးပြုနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒုတိယစနစ်ကိုတော့ စက်တင်ဘာ၊ အောက်တိုဘာလလောက်မှာ စတင်မယ်။ တတိယအဆင့်ဖြစ်တဲ့ ငွေထုတ်ယူနိုင်တဲ့ စနစ်ကိုတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ စတင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

မေး။ ။ လက်ရှိ ချေးငွေရယူလိုသူတွေက အရမ်းများလာတယ်။ Hayman Capital အနေနဲ့ သုံးနှစ် ကနေ ငါးနှစ်အတွင်းကို အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံ ထုတ်ချေးနိုင်ဖို့ မျှော်မှန်းထားတာ ဘာကြောင့်လဲ။

ဖြေ။ ။ ဘာဖြစ်လို့ ဒီလိုထုတ်ချေးဖို့အတွက် မျှော်မှန်းထားတာလဲဆိုတော့ demand များလာတာ အဓိကအချက်ပါပဲ။ ဒီဝန်ဆောင်မှုကို ရယူချင်တဲ့ ချေးငွေလိုအပ်သူတွေက ပိုများလာတယ်။ ပိုများလာတယ် ဆိုတာကလဲ Hayman Capital အနေနဲ့သွားနေတဲ့ နေရာတွေမှာဆိုရင် တစ်ချို့နေရာတွေမှာ အလွှာပေါင်းစုံ အနိမ့်ဆုံးကနေ အလယ်အလတ်အထိဆိုတော့ အဲနေရာတွေမှာ ပြန်ပေးတဲ့ဟာတွေကများတယ်။ ခုနကပြောသလို နောက်ကျပြီး မပေးသွားတာတို့ ဘာတို့ နည်းနည်းရှားတယ်။ မရှိဘူးလို့တောင်ပြောရမယ်။ ကိုယ့်ဘက်ကလည်းအကောင်းဆုံးဝန်ဆောင်မှုမျိုးနဲ့ တခြားသော Micro Finance Institution(MFI)တွေနဲ့ ယှဉ်မယ်ဆိုရင် ခုနကပြောသလိုမျိုး Step တွေနဲ့ နည်းလမ်းမျိုးစုံ ပိုက်ဆံပြန်ပေးဖို့ နောက်ကျတယ်ဆိုလို့ရှိရင်တောင် နည်းလမ်းတွေသေချာချမှတ်ပြီး Department သက်သက်ထားပြီး ဘယ်လိုချေးယူသူက ဘယ်လိုပြန်ပေးရမလဲဆိုတာ ၀ိုင်းစဉ်းစားပေးတာဆိုတော့ ချေးယူသူတွေကရှောင်ပြေးတာလဲရှားတယ်။ ချေးယူလိုတဲ့သူတွေကလဲ တော်တော်များလာတယ်။ နောက်နှစ်တွေမှာ ဒီလိုမျိုး ထုတ်ချေးဖို့အထိ စီစဉ်ထားတာ။

မေး။ ။ နောက်ထပ်ပြီးမေးချင်းတာကတော့ ဗဟိုဘဏ်က မကြာသေးမီကာလက Credit Bureau ကို လုပ်ကိုင်ခွင့်ပြုခဲ့တယ်။ ဒီအပေါ်မှာ အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်နေတဲ့ Hayman Capital အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ခရစ်ဒစ်ဗျူရို လုပ်ကိုင်ခွင့်ပြုလိုက်တာကို ကြိုဆိုပါတယ်။ တိကျတဲ့စာရင်းဇယား ပြုလုပ်ထားတဲ့အတွက် ကောင်းပါတယ်။ ဘဏ်တွေ အသေးစားချေးငွေလုပ်ငန်းတွေမှာ ဘယ်သူတွေက ဘယ်လိုချေးထားလဲ အချက်အလက်တွေပါတဲ့အတွက် Hayman Capital သာမက တခြားလုပ်ငန်းတွေအတွက်လည်း အဆင်ပြေမှာပါ။ Finance လုပ်ငန်းတစ်ခုလုံးအတွက် ကောင်းကျိုးအများကြီးပြုတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်။

မေး။ ။ Credit Bureau စနစ်ကို Hayman Capital အနေနဲ့ ရော ထည့်သွင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိလား။

ဖြေ။ ။ ကျွန်တော်တို့ကတော့ အများကြီးမျှော်လင့်ထားတယ်။ ဒီဟာပေါ်လာပြီး သူတို့အလုပ်ဘယ်လို လုပ်မလဲဆိုတာပေါ်မူတည်ပြီး ဆက်လက်သွားဖို့ စီစဉ်မယ်။ စစချင်းလုပ်ငန်းလုပ်တဲ့အခါမှာ အသေးစားချေးငွေလုပ်ငန်းတွေနဲ့မဟုတ်ဘဲ ဘဏ်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့များတယ်။ နောက်ပိုင်းမှ အသေးစားချေးငွေလုပ်ငန်းနဲ့ လက်တွဲဖို့များတယ်။ ဒီလိုလက်တွဲတော့မယ်ဆိုရင် ပိုပြီးတော့ ချေးငွေတွေ ထုတ်ချေးလာနိုင်မယ်။ ၀န်ဆောင်မှုတွေ ပိုပြီးပေးလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး။ ။ အစိုးရအနေနဲ့ အပေါင်ပစ္စည်းမယူပဲ ချေးငွေတွေထုတ်ချေးဖို့ အစီအစဉ်ရှိတယ်။ ဒီလိုလုပ်ဆောင်တဲ့အတွက် အသေးစားချေးငွေလုပ်ငန်းတွေကို ထိခိုက်လာနိုင်တာမျိုးရှိလား။

ဖြေ။ ။ အစိုးရက ချေးငွေထုတ်ပေးတယ်ဆိုတာက ပြည်သူလူထုကို တိုက်ရိုက်မဟုတ်ဘဲ ဘဏ်တွေကို ချေးငွေထုတ်ပေးမှာပါ။ အသေးစားချေးငွေလုပ်ငန်းတွေကို အများကြီးထိခိုက်လာမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဝေးလံခေါင်ဖျားတဲ့ဒေသတွေ လက်လှမ်းမမီတဲ့ ဒေသတွေ ကျေးလက်ဒေသတွေကို အဓိက ရောက်အောင်လုပ်ဆောင်နေတာပါ။ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ဖို့အတွက် အဓိက ၀န်ဆောင်မှုပေးတာဖြစ်တဲ့အတွက် သွားတဲ့ ရည်ရွယ်ချက်က မတူဘူး။ အစိုးရက တကယ်ကို အပေါင်ပစ္စည်းမယူဘဲ ချေးငွေထုတ်ပေးမယ်ဆိုရင် မြို့နေလူတန်းစားတွေအတွက် ပိုပြီး အဆင်ပြေလာနိုင်မှာပါ။ ရည်ရွယ်ချက်ခြင်းမတူညီတဲ့အတွက် အများကြီးတော့ အကျိုးသက်ရောက်မှုရှိမယ်လို့ မထင်ပါဘူး။ အစိုးရက ဘဏ်တွေကို ချေးပေးမှာဖြစ်တဲ့အတွက် ဘဏ်တွေအနေနဲ့ ကလည်း ၀န်ထမ်းတွေကို ချေးပေးမှာ။ ကျွန်တော်တို့က ၀န်ထမ်းတွေကိုချေးပေးတာမဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေကို ချေးပေးတာဖြစ်တဲ့အတွက် အများကြီး သက်ရောက်မှုမရှိပါဘူး။ မြို့နေလူတန်းစားတွေအတွက် ပိုပြီးကောင်းသွားမယ်လို့ ထင်ပါတယ်။

မေး။ ။ အသေးစားချေးငွေနဲ့ပတ်သက်ပြီး တောင်သူလယ်သမားတွေဘက်ကနေ ပြန်မဆပ်နိုင်တဲ့ အခက်အခဲတွေရှိနေတယ်။ Hayman Capital အနေနဲ့ အခုလိုကိစ္စတွေမှာ ဘယ်လိုအကာအကွယ်မျိုးစီစဉ်ထားလဲ။ အခြား MFI တွေရော ဘယ်လိုအကာအကွယ်မျိုးလုပ်သင့်သလဲ။

ဖြေ။ ။ လောလောဆယ် ကျွန်တော်တို့ ဆီမှာ အဲဒီလိုပြသနာတော့မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီက ထုတ်ချေး ထားတဲ့ Loan တွေမှာ စိုက်ပျိုးရေးကဏ္ဍပေါ့နော်။ အဲဒီအောက်မှာ တောင်သူလယ်သမားတွေလဲ ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၃ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲဒါကြောင့် ပြသနာတော့သိပ်မရှိသေးဘူး။

မေး။ ။ အကယ်၍ အခုလိုပြသနာတွေဖြစ်လာတယ်ဆိုရင် ဘယ်လိုမျိုးကြိုတင်စီစဉ်ထားတာတွေရှိသလဲ။

ဖြေ။ ။ ကျွန်တော်အနေနဲ့က ကုန်သွယ်ရေး လုပ်ငန်းဘက်ကို အဓိကထားပြီးသွားတယ်။ အဲဒီလိုပြသနာတွေ ရှိလာနိုင်တယ်ဆိုတာသိတဲ့အတွက် များသောအားဖြင့် အချက်(၃)ချက်နဲ့အဓိကထားပြီ ထိန်းချုပ်တယ်။ ပြန်ဆပ်ရမယ့် ပထမလမှာ ပြန်မဆပ်နိုင်ဘူးဆိုရင် စောင့်ဆိုင်းပေးတယ်။ ချေးငွေ မဆပ်နိုင်သေးရင် ဒုတိယလမှာ ညှိနှိုင်းဆောင်ရွက်သွားပြီး တတိယအထိ ချေးငွေမဆပ်နိုင်ဘူးဆိုရင်တော့ ဥပဒေကြောင်းအရ ဖြေရှင်းပါတယ်။

မေး။ ။ လက်ရှိ အသေးစားချေးငွေလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ရိုးမဘဏ်အနေနဲ့ အခြားအသေးစားချေးငွေလုပ်ငန်းတွေနဲ့ လက်တွဲပြီး ချေးငွေထုတ်ချေးပေးနေတာတွေလဲရှိတယ်။ Hayman Capital အနေနဲ့ရော သူတို့နဲ့ပူးပေါင်းဖို့ရှိလား။

ဖြေ။ ။ လောလောဆယ်ရိုးမဘဏ်နဲ့တော့ ပူးပေါင်းဖို့မရှိဘူး။ တခြားအဖွဲ့အစည်းတွေနဲ့တော့ ပူးပေါင်းဖို့ရှိတယ်။ ဥပမာပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာလာဖွင့်တဲ့ နိုင်ငံခြားဘဏ်ဆိုလို့ရှိရင် ရုံးခွဲတွေဖွင့်ပြီ ဆောင်ရွက်နေတာမျိုးမရှိဘူး။ အဲဒီတော့ သူတို့ဆီကနေ ပိုက်ဆံပဲစိုက်ထုတ်ပြီးCorporate လုပ်မယ်။ ကျွန်တော်တို့ဆီမှာ network တွေကိုအသုံးပြုပြီးတော့ ချေးငွေယူမယ့် သူတွေဆီကို ရောက်အောင်ပို့ပြီးလုပ်နိုင်မယ်။ May Bank နဲ့ပူးပေါင်းထားတာဆိုရင် တော်တော်ကောင်းတဲ့အခြေအနေလို့ပြောလို့ရတယ်။ မနှစ်တုန်းကဆိုရင်လဲ ပူးပေါင်းခဲ့တယ်။ ကြားထဲမှာလဲ ပူးပေါင်း ဆောင်ရွက်ထားတာရှိတယ်။ ဒါကမြန်မာနိုင်ငံအခြေစိုက်တဲ့ နိုင်ငံခြားဘဏ်၊ သူကကျတော့အစိုးရကနေပြီး လုပ်ငန်းလည်ပတ်ဖို့အတွက် ရုံးခွဲတွေဖွင့်ဖို့ ခွင့်ပြုထားခြင်းမခံရဘူး။ အဲဒီတော့ သူတို့က Network ကိုပိုပြီးဖြန့်ကျက်ပြီး ဆောင်ရွက်မယ်ဆိုလိုရှိရင် ကျွန်တော်တို့ Microfinance တွေနဲ့ပူးပေါင်းဆောင်ရွက်သင့်တယ်။

မေး။ ။ နိုင်ငံခြားဘဏ်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတော့ ပြည်တွင်းဘဏ်တွေနဲ့ရော ပူးပေါင်းဆောင်ရွက်သွားဖို့ရှိလား။

ဖြေ။ ။ ပြည်တွင်းက အချို့ဘဏ်အကြီးတွေနဲ့တော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်တော့ ဆွေးနွေးနေဆဲကာလဖြစ်နေပါတယ်။ ဘဏ်နာမည်တော့ ပြောလို့မရသေးဘူး။

မေး။ ။ Hayman Capital အနေနဲ့ မြန်မာနိုင်ငံအပြင် တစ်ခြားဘယ်နိုင်ငံတွေကို ချဲ့ထွင်သွားဖို့ရှိလား။

ဖြေ။ ။ မြန်မာနိုင်ငံမှာတောင် လုပ်ငန်းတွေတော်တော်များများလုပ်ဖို့ ကျန်နေသေးပါတယ် ။ ။