pyay branch 01pyay branch 03pyay branch 04

 

pyay branch 05pyay branch 06pyay branch 07

 

၃၀ရက်၊မေလ၊၂၀၁၈၊ရန်ကုန်။

Hayman Capital အသေးစားချေးငွေလုပ်ငန်းအနေဖြင့် ဆဌမမြောက်ရုံးခွဲဖြစ်သည့် ပြည်ရုံးခွဲ ဖွင့်လှစ်ခြင်းအခမ်းအနားကို မေလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ ရုံးခွဲဖွင့်လှစ်ခြင်းသည် ပြည်မြို့အတွင်းရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ၀င်ငွေနည်းပါးသည့် စီးပွားရေးလုပ်ငန်းများအတွက် ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လည်ပတ်နိုင်ရေးအတွက် များစွာ အထောက်ကူပြုရန် ရည်ရွယ်ကာဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ပြည်ရုံးခွဲဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ Hayman Capital မှ CEO Mr. Sultan Marenov က “အခုလို ပြည်မှာရုံးခွဲ ဖွင့်လှစ်ဖြစ်တာ အရမ်းကို ဝမ်းသာပါတယ်။ ပြည်မြို့ဟာ သမိုင်းဝင်မြို့တစ်ခုဖြစ်ပြီး စီးပွားကူးသန်း ​ရောင်းဝယ်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အချက်ခြာကျတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။ အခုရုံးခွဲဟာ ဆဌမမြောက်ရုံးခွဲဖြစ်ပြီး ဒီနေရာမှာဖွင့်လှစ်ရခြင်းဟာ ပြည်မြို့က စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ အတွက် များစွာအထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်။ ” ဟု ပြောကြားခဲ့သည်။

ပြည်မြို့တွင်ချေးငွေဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၈ ဧပြီမှ စတင်လုပ်ဆောင်ခဲ့ရာ လုပ်ငန်းစတင်ချိန်မှ လက်ရှိအချိန်ထိ ဝန်ဆောင်မှုရယူထားသူပေါင်း တစ်ထောင့်လေးရာနီးပါးရှိနေပြီး သိန်းပေါင်း လေးထောင် ကျော်ကို ထုတ်ချေးပေးထားပြီးဖြစ်ပါသည်။ လက်ရှိ ပြည်ရုံးခွဲမှ ပြည်၊ပေါင်းတည်နှင့် ရွှေတောင်မြို့နယ်များရှိ ကျေးရွာနှင့်ရပ်ကွက်ပေါင်း ၉၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

“ဟေမန်ကတ်ပီတယ်အနေနဲ့ ပြည်မြို့မှာ ရုံးခွဲလာရောက်ဖွင့်လှစ်တာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ ဒီမှာ အသေးစားငွေကြေးရေးလုပ်ငန်းတွေ ရုံးခွဲလာရောက်ဖွင့်လှစ်ကြတာ ဟေမန်ကတ်ပီတယ် အပါအ၀င်ဆို ရင် ရှစ်ခုမြောက်ရှိပြီဖြစ်ပါတယ်။ ဒီလိုတွေလာရောက်ဖွင့်လှစ်တာဟာ ပြည်မြို့ကအသေးစား စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေအတွက်လည်း အကူညီရမှာပါ။” ဟု ပြည်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြတ်ကျော်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

ဟေမန်ကတ်ပီတယ် ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ငွေရေးကြေးရေးလုပ်ငန်းတွင် လျင်မြန်စွာတိုးတက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်နေသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်သည်။ လုပ်ငန်းစတင်ချိန် ၂၀၁၅ မှ လက်ရှိအချိန်ထိ ချေးငွေပေါင်း ၃၄ ဘီလီယံကျပ်ကို ၀န်ဆောင်မှုပေးနိုင်ခဲ့ပြီး အသေးစားစီးပွားရေးလုပ်ငန်းများရှင်ပေါင်း ၉ သောင်းခန့်ကို အတိုးနှုန်းနည်းပါးသည့် ချေးငွေဝန်ဆောင်မှုများပေးနိုင်ခဲ့သည်။

Hayman Capital အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်း စင်ကာပူအခြေစိုက် Hayman Capital Pte.,Ltd မှ ရင်းနှီးမြုပ်နှံထားပါသည်။ မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးလုပ်ငန်း ကုမ္ပဏီအဖြစ် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ဇူလိုင်မှ စတင်ကာ ချေးငွေများကို စတင်ထုတ်ချေးပေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူး၊အင်းစိန်၊သင်္ဃန်းကျွန်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့၊ညောင်လေးပင်မြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် ရုံးခွဲများဖွင့်လှစ်ထားပါသည်။ ယခုနှစ်အတွင်း ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများရှိ မြို့နယ်များတွင် ရုံးခွဲများဖွင့်လှစ်သွားရန်ရှိပြီး ဘဏ်ဝန်ဆောင်မှုများမရနိုင်သေးသည့် ဒေသများအထိ ရောက်နိုင်မည့် အွန်လိုင်းဖြင့် ငွေချေးမှုပုံစံသစ်ကိုလည်း မိတ်ဆက်သွားရန်ရှိနေပါသည်။


သတင်းအချက်အလက်များအတွက် ဆက်သွယ်ရန်

ထွယ်ဆန်

+95 1 66 33 69